Blogger Widgets နံရိုးလေး: 2012

Tuesday, August 21, 2012

ဘ၀ အခွင့်အရေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။
နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊
သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊
လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း
ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ
သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ
ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း
တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။
နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့
ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို
အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊
ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့်
ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က
"အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။


နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။
"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား?
ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး
အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့
သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က
အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်....
အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက
အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။
လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့်
အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊
လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို
အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။
"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ
ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့
မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို
အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့
ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို
သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး
အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။
အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲမဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။
သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို
ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့်
အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။
အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ
ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့
ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို
လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

နင်ပျော်မယ်ဆို - ဆိုတေး

Download

မြတ်နိုးခွင့်ပေးပါ - ဆိုတေး

Download

ကဗျာလေး - ဆိုတေး

Download

တကယ်လို့ တစ်နေ့နေ့မှာ

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို
နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့....
ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့
တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး
မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။
ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့
တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက
အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း
ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ
မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ
မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ?
အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊
ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ
ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ်
ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ
အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား
လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။
ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။
တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...

ရင့်ကျက်တယ်ဆိုတာ....

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။
အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊
ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။
ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။
လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့
လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ
တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊
မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့
အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

အချစ်ကို အချစ်နဲ့တူအောင် ချစ်တတ်ဖို့အတွက်

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာသူ့ ကိုပထမဆုံးသတိရမိနေလား?
'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?
'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?
'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?
'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?
'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?
'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?
'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?
'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?
'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား? 

အဖြေတွေကမင်းရင်ထဲမှာပဲရှိနေတယ်........
အဖြေတွေက''ဟုတ်တယ်'' ''မှန်တယ်'' ဆိုရင်.......
မင်းရင်ထဲမှာသူရှိနေပြီ...................
ဒါဆိုရင်တော့သူနဲ့ ပတ်သက်လာရင်အရာရာကိုအရှံးပေးထားပါ.....
သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ................
သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........
သူဘာဖြစ်ဖြစ်နားလည်ပေးပါ..........
သူကကိုယ့်ကိုမချစ်ရင်တောင်သူ့အတွက် အမြဲပေးဆပ်ပေးပါ.........
အခက်အခဲတွေရှိလာရင်သူ့ ဘက်ကရပ်တည်ပေးပါ..........
သူမင်းကိုမချစ်ရင်တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ.............
မင်းကတစ်ဖက်သတ်ချစ်သူဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........
သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....
စစ်မှန်တဲ့ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှမမျှော်လင့်ဘူး.......

အနိုင်ရတယ်ဆိုပေမယ့်..... ရှုံးနေပါပြီ

နုပျိုတဲ့ဇနီးမောင်နှံနှစ်ဦး အသစ်ပြောင်းလာတဲ့ အိမ်ခန်းထဲမှာ ပရိဘောဂတွေ နေရာချရင်း ငြင်းခုန်နေကြတယ်။
ကောင်မလေး စွာသမျှ ကောင်လေးက တင်းခံတယ်။ တအောင့်နေတော့ နှစ်ယောက်စလုံး ဘာမှမလုပ်နိုင်၊
မပြောနိုင်ဘဲ ငြင်းခုန်တာနဲ့တင် လက်ပန်းကျကုန်ကြတယ်။ မိနစ်အနည်းငယ်ကြာတော့ အနှိမ်ခံရတဲ့ ကောင်လေးက စကားစတယ်။

"မိန်းမရယ်.... နင်ပြောသမျှ မှန်တယ်ထားဦး ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?"
"ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?" ကောင်လေးပြောတဲ့စကားက တိုတိုလေးပါ။
ဒါပေမယ့် "အနိုင်"လိုချင်သူကို တွေးစရာတွေ အများကြီးပေးလိုက်တယ်။
"တချို့အချိန်မှာ မင်းအနိုင်ရတယ်ဆိုပေမယ့် မင်းရှုံးနေပါပြီ" ဒီစကားကို ကျွန်တော်အရမ်းနှစ်သက်မိတယ်။

တကယ်လည်း တချို့အချိန်မှာ ကျွန်တော်တို့ အနိုင်ရလိုက်တယ်ဆိုပေမယ့် ခံစားမှုအပိုင်းမှာ ကျွန်တော်တို့ ရှုံးသွားတယ်။
ငြင်းခုန်တဲ့နေရာမှာ ကျွန်တော်တို့နိုင်လိုက်တယ်ဆိုပေမယ့် ဟန်ပန်အမှုအရာမှာ ကျွန်တော်တို့ရှုံးသွားတယ်။ တစ်ဘက်လူကို
အနိုင်နဲ့ပိုင်းလိုက်နိုင်တယ် ဆိုပေမယ့် ခင်မင်မှုမှာ ကျွန်တော်တို့ရှုံးသွားတယ်။

တစ်ခါတလေ နိုင်တယ်လို့ ကျွန်တော်တို့ထင်ထားတာတွေက တကယ်တမ်းတော့ ရှုံးနေတာတွေဖြစ်တယ်။
လူတစ်ယောက် သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းချိန်မှာ "အကျိုးအကြောင်း" ရှိရမယ်။
မျက်ထောင့်နီကြီးနဲ့ လည်ပင်းရိုးတွေထောင်တဲ့အထိ ကျွန်တော်တို့ "အားပြိုင်" နေဖို့မလိုဘူး။
"ညှာတာ၊ သင့်မြတ်"တဲ့အပြုအမှုက "ကြမ်းတမ်း၊ သန်မာ"တဲ့ အပြုအမှုထက် လူတွေလက်ခံကြတယ်။

လောကကြီးမှာ လူ(၄)မျိုးရှိတယ်။
ပထမလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား မပြည့်ဝသူဖြစ်တယ်။
ဒုတိယလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား ပြည့်ဝသူဖြစ်တယ်။
တတိယလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားလည်းရှိတယ်၊ ဒါပေမယ့် "တဇွတ်ထိုး"လုပ်တတ်သူဖြစ်တယ်။
စတုတ္ထလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားရှိတယ်၊ ညင်ညင်သာသာ ပြုမှုပြောဆိုတတ်တယ်။

ပထမလူမျိုးက ဘာမှမပိုင်ဆိုင်တဲ့ "သနားစရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
ဒုတိယလူမျိုးက ကိုယ်ပိုင်ဟန်မရှိတဲ့ "မဆင်မခြင်" ပုဂ္ဂိုလ်ဖြစ်တယ်။
တတိယလူမျိုးက လူလူချင်းပေါင်းသင်းဆက်ဆံတဲ့ အနုပညာကိုမသိတဲ့ "စက်ရုပ်"ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးက အိန်လ်ဂျယ်နဲ့တူတဲ့ "ချစ်စရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးကသာ လောကကြီးကို တကယ့်အောင်နိုင်သူဖြစ်တယ်။

တကယ့်ပျော်ရွှင်ခြင်းဆိုတာ...

လူတစ်ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ လှပတဲ့ပုလဲလုံးတစ်လုံးကို ရခဲ့တယ်။
ဒါပေမဲ့ ပုလဲလုံးပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က သူ့ကို မကျေမနပ်ဖြစ်စေခဲ့တယ်။
အမည်းစက်ကို သူဖယ်ရှားပစ်နိုင်ခဲ့ရင် ဒီပုလဲလုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံး၊
အဖိုးအတန်ဆုံးပုလဲဖြစ်မယ်လို့ သူထင်ခဲ့တယ်။ အဲဒီလိုနဲ့ ပုလဲရဲ့အပေါ်ဆုံးအလွှာကို သူဖယ်လိုက်တယ်။
ဒါပေမဲ့ အမည်းစက်က ရှိနေတုန်းပဲ။ တစ်ထပ်ပြီးတစ်ထပ် သူဖယ်တယ်။
နောက်ဆုံးမှာ အမည်းစက်မရှိတော့ပေမယ့် ပုလဲလုံးလည်း သေးသထက်သေးသွားပြီး အမှုန်အဖြစ်ပျောက်သွားတော့တယ်။
အဲဒီလူဟာ ပုလဲကို ဆုံးရှုံးသွားရတဲ့စိတ်နဲ့ပဲ အိပ်ရာထက်မှာ ဘုံးဘုံးလဲတော့တယ်။
သူလုံးပါးပါးမသွားခင်မှာ “တကယ်လို့ အစကတည်းက အဲဒီအမည်းစက်ကို ကျွန်တော်
အရေးမလုပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ ကျွန်တော့်လက်ထဲ ဆုပ်ကိုင်ထားမှာက လှပတဲ့ ပုလဲလုံးတစ်လုံးဖြစ်တယ်”
လို့ နောင်တရစွာပြောသွားခဲ့တယ်။

ဒီပုံပြင်ကို သတိရမိတိုင်း အဖြစ်တစ်ခုကို ကျွန်တော်သွားသတိရမိတတ်တယ်။
တလောက နေ့တိုင်းနီးပါး ပင်လယ်ဘေးသွားပြီး ကျွန်တော်လမ်းလျှောက်ဖြစ်တယ်။
အဲဒီမှာ ဆံဖြူဖြူလူအိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီပြီး ပင်လယ်ဘေးတစ်နေရာက
ခုံတန်းပေါ်မှာထိုင်ပြီး ပင်လယ်ဖက် ငေးမောနေတတ်တာကို အမြဲလိုလိုတွေ့ခဲ့ရတယ်။
သူတို့နှစ်ယောက်ဟာ ခုံပေါ်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်လို့ မျက်နှာပေါ်မှာလည်း အပြုံးတွေ
ကြည်နူးရိပ်တွေသန်းလို့ ပင်လယ်ဘေးမှာ တကယ့်လက်ရာဝင်တဲ့ ရုပ်တုနှစ်ခုလို အမြဲရှိနေခဲ့တယ်။
တစ်နေ့မှာ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ သူတို့ရှေ့သွားပြီး
“အဘိုးနဲ့အဘွားက ပင်လယ်ပြင်ကို နှစ်သက်ကြတာလား!” လို့ မေးလိုက်တယ်။

အဘိုးအိုက ကျွန်တော်ကိုပြုံးပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘေးကအဘွားအိုကို လက်ညှိုးထိုးပြတယ်။
အဲဒီအချိန်ကျမှ အဘိုးအိုဟာ ဆွံအနားမကြားသူဆိုတာကို ကျွန်တော်သိလိုက်တယ်။
အဘွားအိုဟာလည်း မျက်စိနှစ်လုံး အလင်းကွယ်နေသူဖြစ်တယ်။ ကျွန်တော်မေးလိုက်တဲ့စကားအတွက်
ကျွန်တော်အားနာမိပေမယ့် သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာတော့ မရွှင်ပျတဲ့ပုံ မပေါ်ခဲ့တဲ့အပြင်
အဘွားအိုက နွေးထွေးကြင်နာတဲ့အသံနဲ့ “ဟုတ်တယ်… အဘွားတို့နှစ်ယောက် အမြဲတမ်း ပင်လယ်ပြင်ကို လာ“ကြည့်”ခဲ့ကြတယ်။
ဒီအတွက် ဒီကသူငယ် အံ့သြနေမှာပဲနော်။ တကယ်တော့ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်ရဲ့ချွတ်ယွင်းချက်ကို
ထည့်မထားရင် နှစ်ယောက်စလုံးက သာမန်လူတွေနဲ့ အတူတူပဲ မဟုတ်လား!”

သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အားငယ်တဲ့၊ ဝမ်းနည်းတဲ့အရိပ်အယောင်တွေအစား
ပျော်ရွှင်တဲ့၊ ပြည့်စုံတဲ့ အပြုံးတွေနဲ့ပြည့်နှက် ကူးလူးနေခဲ့တယ်။ တစ်ဦးအပေါ်တစ်ဦး
ချစ်ခင်ကြင်နာတဲ့ အဘိုးအိုနဲ့အဘွားအိုကို ကြည့်ပြီး ကျွန်တော့်မျက်လုံးတွေ စွတ်စိုနေခဲ့တယ်။

အဲဒီအချိန်ကစပြီး မသန်စွမ်းတဲ့လူအိုနှစ်ယောက်စီကနေ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို
ကျွန်တော်ရှာတွေ့ခဲ့တာဖြစ်လိမ့်မယ်။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ တစ်ဘက်သားရဲ့ မပြောပလောက်တဲ့
ချွတ်ယွင်းချက်၊ အနာအဆာတွေကို ဖယ်ရှားနိုင်တာမဟုတ်ဘူး။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ
ကျွန်တော်တို့လက်ထဲ တကယ်ဆုပ်ကိုင်ထားမိတဲ့ ပုလဲလုံးကို တန်ဖိုးထားမြတ်နိုးပြီး ခွင့်လွှတ်နားလည်မှု ပေးနိုင်တာပဲဖြစ်တယ်။
ဒါမှ တစ်ဦးစိတ်ကိုတစ်ဦးနားလည်ပြီး တကယ့်ပျော်ရွှင်ခြင်းကို ခံစားရမှာဖြစ်တယ်။

အရည်အချင်း နှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
“ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
“ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
“သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်”
လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ”
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ……..” စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်

ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်.... ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

သူငယ်ချင်းတို့ေ၇...

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။

Wednesday, July 25, 2012

တယ်လီဖုန်း

Download

အဝေးရောက်ချစ်သူ - ဆိုတေး

Download

နင်လိမ်လဲငါချစ်တယ် - ဆိုတေး

Download

ဖတ်တီးမ - ဆိုတေး

Download

ဟုတ်လို့လား - ဆိုတေး

Download

တိတ်တိတ်လေးပါပဲ - ဆိုတေး

Download

မီးအိမ်ရှင် - ဆိုတေး

Download

မင်းလေးကိုချစ်လို့ - လေးဖြူ

Download

ညီမလေး

Download

ပြော - အောင်လ

Download

ဒီအတိုင်းပဲချစ်နေမယ် - အောင်လ + မေသူ

Download

မင်းလေးသိဖို့ - Dဖြိုး

Download

ဒုတိယလူ - စည်သူလွင်

Download

ချစ်သူသိပါစေ - ကိုကိုမောင်

Download

ဘယ်လိုငြိမ်းသတ်ရမလဲ

Download

တနေ့နေ့ - နေမျိုး

Download

ခိုးချစ်ရသူ

Download

ပြိုလဲကြေကွဲ - အေသင်ချိုဆွေ

Download

မင်းနဲ့နီးဖို့ - Idiots

Download

ပါးပါးလေး - ဂျောက်ဂျက်, ကျော်ထွဋ်ဆွေ

Download

နင်သာရှိရင်

Download

လူဆိုရင် - လင်းလင်း

Download

Monday, June 25, 2012

အထီးကျန်ဆန်ခဲ့ဖူးသလား? / ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?

အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။
အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ?
လူတွေကလည်း လူတွေပါပဲလက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။
တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ အရမ်းမောပန်းနွမ်းနယ်တဲ့အချိန်
ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။  သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ?   ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင်ရဲ့တဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?  ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား? ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ  ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ.....

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို 
 “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။   ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။

ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။   အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ”   ဆရာက ဆက်ပြီး....

“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမူအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”

“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

မချစ်တော့လို့ အချစ်ကို အပြစ်ရှာတယ် ချစ်လို့ အပြစ်ကို အချစ်လို့မြင်တယ်

လူတိုင်းအမှားလုပ်တတ်ကြတယ်
တကယ်လို့ လူတစ်ယောက်ကို သင်လေးလေးနက်နက်ချစ်ရင်
သူ ဘယ်လိုပဲ သင့်ကိုဆက်ဆံဆက်ဆံ
သူ ဘာအမှားပဲ လုပ်လုပ်
အကြောင်းပြချက်အမျိုးမျိုးနဲ့
သူ့ကို သင်ခွင့်လွှတ်တတ်တယ်။

တကယ်လို့ လူတစ်ယောက်ကို သင်မချစ်တော့တဲ့အခါ
သူပြောတဲ့စကား တစ်ခွန်းလေးမှားရုံနဲ့
လမ်းခွဲပြတ်စဲဖို့ သင်ချက်ချင်းဆိုတတ်တယ်။

ဒါကြောင့်
သင့်ရဲ့အမှားလေးတစ်ခုကို လက်ညိုးထိုးပြီး လမ်းခွဲပြတ်စဲတဲ့လူတစ်ယောက်ဟာ
သင့်အမှားကြောင့် သင့်ကိုခွဲသွားတာ မဟုတ်ဘူး
သင့်ကို မချစ်တော့လို့ ခွဲသွားတာဖြစ်တယ်။

ဒီလိုကိစ္စမျိုးနဲ့ကြုံတဲ့အခါ
တစ်ဘက်သားကို ခွင့်လွှတ်နားလည်ပေးလိုက်ပါ
မချစ်တော့လို့ အချစ်ကို အပြစ်ရှာတယ်
ချစ်လို့ အပြစ်ကို အချစ်လို့မြင်တယ်
ဒါဟာ အချစ်ရဲ့အတိမ်အနက်နဲ့ပဲ ဆိုင်ပါတယ်။

အလုပ်မှာ စိတ်ရှုပ်စရာကြုံတာနဲ့ ခက်လိုက်တာဆိုပြီး သင်တွန့်ဆုတ်တယ်

အလုပ်မှာ စိတ်ရှုပ်စရာကြုံတာနဲ့
ခက်လိုက်တာဆိုပြီး သင်တွန့်ဆုတ်တယ်။

ဘဝမှာ အခက်အခဲကြုံတာနဲ့
ပင်ပန်းလိုက်တာဆိုပြီး သင်ညည်းတွားတယ်။

ကံကြမ္မာကို ငြိုးမယ်ဖွဲ့လိုက်
နေ့ရက်တိုင်းကို သက်ပြင်းချလိုက်
တခြားသူရဲ့ အောင်မြင်မှုကို အားကျလိုက်နဲ့
ကိုယ်လျှောက်တဲ့လမ်းကို အဆိုးမြင်ပစ်လိုက်တယ်။

အလုပ်မှာ အဆင်မပြေရင်
ဖြည်းဖြည်းမှန်မှန် သင်ယူလို့ရတယ်
အတွေ့အကြုံဆိုတာ စုပုံ စုဆောင်းဖို့လိုလို့ပါ။

ဘဝမှာ မပျော်ရွှင်ရင်
မစိုးရိမ် မပူပန်ပါနဲ့
ဘဝဆိုတာ နဂိုကတည်းက ၁၂မျိုးအသုပ်စုံပါ။

တခြားသူတွေ ဒီကနေ့မှာ အောင်မြင်တယ်ဆိုတာ
သူတို့ဖြတ်သန်းခဲ့၊ ကြိုးစားခဲ့တဲ့ ရလဒ်ပါ။
ဒီကနေ့ကို သင်စိတ်တိုင်းမကျဘူး၊ မအောင်မြင်သေးဘူးဆိုပေမယ့်
သင့်မှာခွန်အားရှိပါသေးတယ်၊ သင့်မှာအရွယ်ရှိပါသေးတယ်
လှပတဲ့အနာဂတ်ကို သင်ပိုင်ဆိုင်ရဦးမှာပါ။
.

ငါတို့ အသဲကွဲလို့ရတယ် ဒါပေမဲ့ ချစ်တတ်တဲ့အရည်အချင်းကိုတော့ မဆုံးရှုံးစေနဲ့

လူတစ်ယောက်ကို နစ်နစ်ကာကာချစ်ခဲ့တယ်
ရှိသမျှအင်အားတွေသုံးပြီး ချစ်ခဲ့တယ်
နောက်ဆုံးအသဲကွဲတော့
ငါတို့ မောပန်းနွမ်းလျကျန်ခဲ့တယ်။
ဒါကြောင့် အချိန်တိုတိုအတွင်းမှာ
နောက်တစ်ယောက်ကိုချစ်ဖို့ ငါတို့ မဝံ့ရဲခဲ့ဘူး
ချစ်ချင်ပေမယ့် လူတွေကို မယုံရဲခဲ့တော့ဘူး
ချစ်နေပေမယ့် လုံးလုံးလျားလျား မချစ်ရဲခဲ့တော့ဘူး
ချစ်တတ်တဲ့ အရည်အချင်းကို ငါတို့ကျဆင်းစေခဲ့တယ်။

အချစ်တစ်ခုမှာ
ကြောက်စရာအကောင်းဆုံးက
ဇာတ်သိမ်းမှာ ပေါင်းရ/ မပေါင်းရဆိုတာမဟုတ်ဘူး။
အချစ်ထဲ ပါဝင်နေသူနှစ်ယောက်မှာ
လူကို ချစ်တတ်တဲ့အရည်အချင်း ရှိ/မရှိဆိုတာပဲဖြစ်တယ်။

ဒါကြောင့်..
ငါတို့ အသဲကွဲလို့ရတယ်
ဒါပေမဲ့ လူကိုချစ်တတ်တဲ့အရည်အချင်းကိုေ
တာ့ မဆုံးရှုံးစေပါနဲ့။

ငါတို့ ကတိတစ်ခုပြုကြရအောင်

ရန်တွေဖြစ်ကြလည်း တစ်ယောက်ရဲ့ဖုန်းကို တစ်ယောက်ကိုင်ကြေး
ရန်တွေဖြစ်ကြလည်း ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ကြေး
ရန်တွေဖြစ်ကြလည်း လွယ်လွယ်နဲ့ လမ်းခွဲစကားမပြောကြေး
ရန်တွေဖြစ်ကြလည်း ကိုယ့်ကိုယ်ကို မထိခိုက် မနာကျင်ကြေး
ရန်တွေဖြစ်ကြလည်း တစ်ယောက်ကိုတစ်ယောက် လက်မလွတ်ကြေး

ရန်ဖြစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုပြောပါ
တစ်ယောက်အပေါ်တစ်ယောက် အထင်မှားတယ်ဆိုတာ ခဏသာ ဝမ်းနည်းကြေကွဲမှု
တစ်ယောက်ကိုတစ်ယောက် လက်လွတ် လွဲချော်သွားရင် ထာဝရ ဝမ်းနည်းကြေကွဲမှု

တကယ်လို့ သူ့ကို သင်တကယ်ချစ်ရင်
သူ့အပေါ် နွေးနွေးထွေးထွေးဆက်ဆံပါ
တကယ်လို့ မချစ်ဘူးဆိုရင်
မချစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောပါ
အချစ်ကို ကပျက်ကချော် ဆော့မကစားပါနဲ့...

အချစ်မှာ နာကျင်စရာအကောင်းဆုံးနဲ့ ကံအဆိုးဆုံးဆိုတာ

အချစ်မှာ နာကျင်စရာအကောင်းဆုံးနဲ့ ကံအဆိုးဆုံးဆိုတာ
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်နိုင်တာမဟုတ်ဘူး..
သစ္စာမရှိတဲ့ချစ်သူကို စွန့် လွှတ်လိုက်ရတာလဲမဟုတ်ဘူး..

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်နိုင်တဲ့အခါမျိုးမှာ
ကိုယ့်ကိုယ်ကိုပိုချစ်တတ်လာအောင်သင်ယူလာနိုင်တယ်..
ဒါဟာ ကံကောင်းခြင်းတစ်မျိုးပါပဲ...
သစ္စာမရှိတဲ့ချစ်သူကို စွန့် လွှတ်လိုက်ရတဲ့အခါမျိုးမှာ
သစ္စာရှိစွာချစ်မြတ်နိုးနိုင်မယ့်ပိုမိုသင့်တော်သူတစ်ယောက်က
မိမိကိုချစ်မြတ်နိုးဂရုစိုက်ခွင့်ရနိုင်မယ်..
ဒါဟာလဲ ကံကောင်းခြင်းတစ်မျိုးပါပဲ...

တကယ့် တကယ် ကံအဆိုးဆုံးဆိုတာမျိုးဟာ..
တစ်ယောက်နဲ့ တစ်ယောက် စစ်မှန်တဲ့အချစ်စစ်နဲ့ ချစ်မိကြတယ်..
တစ်ယောက်အတွေးထဲကနေလဲအခြားတစ်ယောက်က တစ်စက္ကန့် လေးတောင်မှ
ထွက်ခွာသွားခြင်းမရှိနိုင်လောက်အောင် သတိရနေမိကြတယ်..
ဒါပေမယ့်
ဘယ်သောအခါမှ ပေါင်းစပ်ခွင့်မရှိနိုင်ဘူးဆိုတာကို သိနားလည်ထားရင်း..
တစ်ယောက်ကိုတစ်ယောက်မေ့ဖျောက်နိုင်ဖို့ အတွက်
အမြဲတစေ နာကျင်စွာနဲ့ကြိုးစားနေရခြင်းပါပဲ.....

“နင်ငါ့ကို ဘယ်ပုံဘယ်နည်းနဲ့ ချစ်သလဲ” လို့  တစ်နေ့ မှာ နင်မေးလာခဲ့ရင်

အနားမှာရှိနေခွင့်ရသည်ဖြစ်စေ
အဝေးကပဲငေးကြည့်နေရသည်ဖြစ်စေ
နင်ပျော်ရွှင်နေတာကိုပဲ ငါမြင်တွေ့ ချင်ခဲ့တယ်..

နင့်အောင်မြင်မှုတွေအတွက်
ငါ ဂုဏ်ယူဝမ်းမြောက်ခွင့်ရသည်ဖြစ်စေ
ကြားသိခွင့်တောင်မရနိုင်သည်ဖြစ်စေ
နင်အောင်မြင်ပျော်ရွှင်နေဖို့ ကိုပဲ ငါဆန္ဒရှိခဲ့တယ်...

နင်ဆုပ်ကိုင်ထားတဲ့လက်ဖ၀ါးတစ်ခု ဟာ
ငါ့ လက်ဖ၀ါးဖြစ်နေသည်ဖြစ်စေ
သူ့  လက်ဖ၀ါးဖြစ်နေသည်ဖြစ်စေ
နင် စိတ်ချမ်းသာနေဖို့ ကိုပဲ ငါလိုလားခဲ့တယ်...

နောက်ဆုံး..
နင့်ရွေးချယ်မှုဟာ..
ငါ ဖြစ်ခဲ့သည်ဖြစ်စေ..
သူ့  ဖြစ်ခဲ့သည်ဖြစ်စေ..
အေးချမ်းတည်ငြိမ်တဲ့ဘ၀လေးတစ်ခုမှာ
နင်.. ပျော်ရွှင်ချမ်းမြေ့နေနိုင်ဖို့ ကိုသာ..
ငါ... တကယ်ကို မျှော်လင့်တောင့်တခဲ့ပါတယ်...

နင့်ဆန္ဒသာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲခက်ခဲနေခဲ့ပါစေ ငါ ဖြည့်ဆည်းပေးချင်ခဲ့တယ်..
နင့်ချမ်းမြေ့မှုအတွက်သာဆိုရင်..
ငါ့အတွက်ဘယ်လောက်ပဲနာကျင်ဝမ်းနည်းနေရပါစေ ငါလက်ခံပေးနိုင်ခဲ့တယ်..
နင့်ရွေးချယ်မှုသာဆိုရင်..
ငါဘယ်လောက်တောင်ထိခိုက်ခံစားရမယ် ဆိုတာကို ကြိုတင်သိနေခဲ့ပြီးဖြစ်ပါစေ
ငါ.. နင့်ကို.. စာနာနားလည်ပေးနိုင်ခဲ့ပါတယ်…..

ဒါဟာ
“နင်ငါ့ကို ဘယ်ပုံဘယ်နည်းနဲ့ ချစ်သလဲ” လို့ 
တစ်နေ့ မှာ နင်မေးလာခဲ့ရင် ငါပြန်ဖြေမယ့်
နင့်အတွက် ငါ့ရဲ့  ဘယ်တော့မှမပြောင်းလဲနိုင်တဲ့ အဖြေစကားတစ်ခုပါပဲ…..

သူငယ်ချင်း

သူငယ်ချင်းတွေ သိန်းသန်းပေါင်းစွာ ပိုင်ဆိုင်တာ
ထူးဆန်းအံ့သြဖွယ်တစ်ရပ်တော့ မဟုတ်ဘူး။
သင့်ကို လူတွေထားသွားခဲ့တဲ့အချိန်
သင့်ဘေးမှာကြံကြံခံရပ်တည်ပေးတဲ့ 
သူငယ်ချင်းတစ်ယောက်ရှိတာကမှ
တကယ့်ထူးဆန်းအံ့သြဖွယ်ဖြစ်တယ်။

အရွယ်ရောက်လာတာနဲ့အမျှ
ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း 
အရင်ကထက် များများလာတယ်
ကျောင်းမှာ ခင်မင်ရင်းနှီးခဲ့တယ်
အလုပ်မှာ ခင်မင်ရင်းနှီးခဲ့တယ်
သူငယ်ချင်းကတဆင့် ခင်မင်ရင်းနှီးခဲ့တယ်
ပါတီမှာ ခင်မင်ရင်းနှီးခဲ့တယ်
အင်တာနက်ပေါ်မှာ ခင်မင်ရင်းနှီးခဲ့တယ်
လမ်းသွားရင်း ခင်မင်ရင်းနှီးခဲ့တယ်။

ဒါပေမဲ့ ဒီလောက်များတဲ့ သူငယ်ချင်းတွေထဲမှာ
သင်ရှုံးနိမ့်ချိန်၊ သင်အခက်အခဲကြုံချိန်
သူငယ်ချင်းတစ်ယောက်ယောက်ကို သင်ပထမဆုံး သတိရမိတတ်တယ်။
သင်ဖုန်းဆက်လိုက်တာနဲ့ အဲဒီသူငယ်ချင်းက
ချက်ချင်း သင့်အနား ပြေးလာတတ်တယ်၊ အားပေးကူညီတတ်တယ်။

တကယ်လို့ သင့်မှာ ဒီလိုသူငယ်ချင်းမျိုး တစ်ယောက်ရှိခဲ့ရင်
ဒါမှမဟုတ် တစ်ယောက်ထက်ပိုခဲ့ရင်
အာရုံစိုက်ပြီး ကောင်းကောင်းတန်ဖိုးထား မြတ်နိုးလိုက်ပါ။

တကယ်လို့ တစ်ယောက်မှ မရှိခဲ့ဘူးဆိုရင်
ဒီလို ထူးဆန်းအံ့သြစရာကောင်းတဲ့ သူငယ်ချင်းမျိုးဖြစ်အောင်
သင် အရင်ကြိုးစားလိုက်ပါ။

ယနေ့ခေတ်လူတွေရဲ့ အခက်တကာ့အခက်များ

ပိုက်ဆံချေးဖို့လွယ်တယ် ပြန်ဆပ်ဖို့ခက်တယ်
ကားမောင်းဖို့လွယ်တယ် ကားရပ်ဖို့ခက်တယ်
ပိုက်ဆံဖြုန်းဖို့လွယ်တယ် စုဆောင်းဖို့ခက်တယ်
နောက်ကျဖို့လွယ်တယ် စောရောက်ဖို့ခက်တယ်

အိပ်ရာဝင်ဖို့လွယ်တယ် အိပ်ရာထဖို့ခက်တယ်
ခေါင်းမာဖို့လွယ်တယ် လွတ်ချတတ်ဖို့ခက်တယ်
အလုပ်လုပ်ဖို့လွယ်တယ် လူလုပ်တတ်ဖို့ခက်တယ်
သက်သတ်လွတ်စားဖို့လွယ်တယ် ဘုရားဖြစ်ဖို့ခက်တယ်

ထီထိုးဖို့လွယ်တယ် ထီပေါက်ဖို့ခက်တယ်
စာဖတ်ဖို့လွယ်တယ် အသိဉာဏ်ရှိဖို့ခက်တယ်
လူကိုဆဲဆိုဖို့လွယ်တယ် တောင်းပန်တတ်ဖို့ခက်တယ်
တရားကျင့်ဖို့လွယ်တယ် ကိုယ့်ကျင့်တရားကောင်းဖို့ခက်တယ်

တခြားသူအပေါ်ကောင်းဖို့လွယ်တယ် မိသားစုအပေါ်ကောင်းဖို့ခက်တယ်
အမှားကိုကဲ့ရဲ့ဖို့လွယ်တယ် အမှန်ကိုပြင်ပေးဖို့ခက်တယ်
ထိုးနှက်ဖို့လွယ်တယ် အားပေးကူညီဖို့ခက်တယ်
အပြစ်ရှာဖို့လွယ်တယ် ချီးကျူးစကားပြောဖို့ခက်တယ်

ဘဝခရီးကို လျှောက်လှမ်းတဲ့အခါ....

လျှောက်လှမ်းလေ လေးနက်သထက် လေးနက်လာတာက မိသားစုသံယောဇဉ်ဖြစ်တယ်...
လျှောက်လှမ်းလေ တိမ်သထက် တိမ်လာတာက ချစ်ခြင်းမေတ္တာဖြစ်တယ်...
လျှောက်လှမ်းလေ အလျင်လိုသထက် လိုလာတာက နှစ်လရာသီဖြစ်တယ်...
လျှောက်လှမ်းလေ နှေးသထက် နှေးကွေးလာတာက မျှော်လင့်ချက်တွေဖြစ်တယ်...
လျှောက်လှမ်းလေ တိုးသထက် တိုးလာတာက အသက်အရွယ်ဖြစ်တယ်...
လျှောက်လှမ်းလေ နည်းသထက် နည်းလာတာက အချိန်တွေဖြစ်တယ်...
လျှောက်လှမ်းလေ ဝေးသထက် ဝေးသွားတာက စိတ်ကူးအိပ်မက်တွေဖြစ်တယ်...
လျှောက်လှမ်းလေ နီးသထက် နီးလာတာက သင်္ချိုင်းကုန်းဖြစ်တယ်...
လျှောက်လှမ်းလေ တွေ့မြင်သထက် တွေ့မြင်လာတာက လမ်းခရီးဖြစ်တယ်...
လျှောက်လှမ်းလေ မှုန်ဝါးသထက် မှုန်ဝါးသွားတာက ဦးတည်ရာဖြစ်တယ်...
လျှောက်လှမ်းလေ ရှည်သထက် ရှည်လျားလာတာက ဘဝခရီးလမ်းဖြစ်တယ်...
လျှောက်လှမ်းလေ တိုသထက် တိုတိုသွားတာက လူ့ဘဝဖြစ်တယ်....

ချစ်သူဖြစ်ဖို့လွယ်တယ် / အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ခက်တယ်

လူနှစ်ယောက် ချစ်သူတွေ ဖြစ်ဖို့ က လွယ်တယ်...
သို့သော် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဆိုတာ ခက်ခဲပြန်တယ်....
အချစ်ကို အားကိုးရုံမျှနဲ့ တစ်ဘ၀လုံးကို ဖြတ်ကျော်သွားဖို့ဆိုတာ မလွယ်ကူလှဘူး...
ဆံဖြူသွားကျိုးတဲ့ အထိ လက်တွဲနိုင်ဖို့ အခြား အရာတွေ အများကြီးလဲ လိုသေးတယ်လေ....
ခင်ပွန်းဆိုတာ ခေါ်ဖို့ကောင်းရုံမျှ သတ်မှတ်ထားတဲ့ နာမည်မဟုတ်ဘူး.... တာဝန်ယူတတ်သူတစ်ယောက်အတွက် ရာထူးဖြစ်တယ်.......
ဇနီးဆိုတာ ချစ်စနိုးနာမည်မှည့်ထားပေးရုံ သက်သက် မဟုတ်ဘူး.. ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်သူလို့ အမည်ရတယ်.... 
ဒီလိုပြောလို့ ဘ၀တစ်ခုကို အတူတူတည်ဆောက်ဖို့ အချစ်မလိုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး.....
အိမ်ထောင်တစ်ခုရဲ့ မိသားစုဝင် ဖြစ်လာတဲ့ နှစ်ဦးသားအနေနဲ့ အချစ်ဆိုတဲ့ အရာအပြင်...
ပေးဆပ်မှု နားလည်မှုတွေနဲ့ အတူ ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုတွေနဲ့ 
သစ္စာရှိရှိ မခွဲမခွာလက်တွဲသွားကြဖို့လဲ လိုအပ်ပါတယ်...
တကယ်တော့....အိမ်ထောင်ပြုတော့မယ်ဆိုရင် ကိုယ်ဟာ
 ပေးဆပ် တတ်သူဖြစ်ရဲ့လားဆိုတာ အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်လှပါတယ်.....

Wednesday, June 20, 2012

မဆုံတဲ့ဖူးစာ

Download

လေထဲကအိမ်

Download

ဘာအကြောင်းကြောင့်

Download

ဖုန်းဆက်မိတဲ့ငါ့အမှား

Download

မင်းလေးသိဖို့

Download

ချစ်ဖူးခဲ့သမျှ

Download

ဒီအတိုင်းပဲချစ်နေမယ်

Download

မိုးတိမ်ကဗျာ

Download

အလွမ်းပြေအနမ်း

Download

မြန်မာမလေး

Download

မင်းနဲ့နီးဖို့

Download

ဝမ်းနည်းတတ်တဲ့ချစ်သူ - idiots

Download

အမေ

အမြဲတမ်း ပိုက်ဆံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။

အချစ်ဆိုတာ တာဝန်ယူမှုတစ်ခု...

နင့်ထက်ပိုကောင်းတဲ့လူ 
ငါမတွေ့နိုင်တော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
နင့်ထက်ကောင်းတဲ့လူနဲ့ ငါမဆုံချင်တော့လို့ပါ....
ငါရင်မခုန်တတ်တော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
တခြားလူအပေါ် ငါရင်ခုန်စရာမလိုတော့လို့ပါ...
တခြားလူကို ငါမချစ်တတ်မိတော့တာ မဟုတ်ဘူး
ငါ့အနားမှာ နင်ရှိနေပြီမို့
နင့်ကိုငါ ပိုတန်ဖိုးထားမြတ်နိုးတတ်ခဲ့လို့ပါ...
အတူနေရဖို့ဆိုတာ မလွယ်လှပါဘူး
နင်ဟာ အကောင်းဆုံးမဟုတ်ချင်နေ
နင်ဟာ ငါနဲ့မလိုက်ဖက်ချင်နေ
ဒါပေမယ့် နင်ဟာ ငါရဲ့အမြတ်နိုးဆုံးပါ...
 

သစ်ပင်နဲ့ငှက်

ငှက်ကပြောတယ်... "ငါသွားတော့မယ်.... တောင်ဖက်အရပ်မှာ နေရာသစ်ရှာဖို့ သွားတော့မယ်"
"သွားပါ.. အဲဒီအရပ်က နင့်ကိုနွေးထွေးမှုတွေ ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ နွေးထွေးတဲ့ငါ့ရင်ခွင် အမြဲရှိနေတယ်ဆိုတာကို နင်မမေ့ပါနဲ့" လို့ သစ်ပင်က မျက်ရည်အရွဲသားနဲ့ပြောတယ်။
ငှက်သွားလိုက်ပါပြီ....
သစ်ပင်က နွေဦးရာသီရဲ့ရောက်အရာကို စောင့်နေခဲ့တယ်။ နွေဦးနဲ့အတူ ငှက်ပြန်လာမယ်ဆိုတာကို သူယုံကြည်ထားလို့ဖြစ်တယ်။
ဒါပေမဲ့ အဲဒီနှစ်က ခါတိုင်းနှစ်ထက် နှင်းတွေပိုကျခဲ့တယ်။ သစ်ပင်ဟာ အေးစက်ခြင်း၊ အထီးကျန်ခြင်းထဲ အချိန်တော်တော်ကြာ လူးလှိမ့်ခံစားရင်း သေဆုံးသွားခဲ့တယ်။
"ဆောင်းရာသီတောင် ရောက်လာပြီပဲ.. နွေဦးရာသီ ဝေးနိုင်ဦးမလား?"
ဒီစကားကို သစ်ပင်သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းရဲ့တန်ဖိုးကို သူယုံကြည်ခဲ့တယ်။ နွေဦးရာသီက ချိန်းထားတာထက် နောက်ကျမှရောက်လာခဲ့တယ်။
ငှက်ပြန်လာပါပြီ.. ဒါပေမဲ့ သစ်ပင်ရဲ့အရိပ်အရောင်ကို သူမတွေ့ခဲ့ဘူး။ သစ်ငုတ်တိုလေးတစ်ခုကိုပဲ သူတွေ့ခဲ့တယ်။ သစ်ငုတ်ရင်းမှာ စာတချို့ကို ငှက်တွေ့လိုက်တယ်။
"ချစ်ခြင်းတွေ ဘယ်လောက်တာရှည်မယ်ဆိုတာ မသိပေမယ့်
အတူနေချိန်မှာ ပျော်ရွှင်ခဲ့ပါတယ် သက်တမ်းနှစ် ပြည့်ချိန်နီးပြီမို့
နင့်ရဲ့လက်ကို ငါနောက်တစ်ကြိမ် ဆုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး
ဒါပေမဲ့ နင့်အပြန်ကို ငါစောင့်နေခဲ့ပါတယ်...." စာကို ငှက်ငြိမ်ငြိမ်ဆိတ်ဆိတ် ဖတ်နေမိတယ်။
ငှက်မှာ မျက်ရည်မရှိဘူးလို့ ဘယ်သူပြောမလဲ? လင်းလက်တဲ့နေရောင်အောက်မှာ ပြာလဲ့လဲ့ကောင်းကင်ကို သူမမြင်နိုင်ခဲ့ဘူး။ ဒီနှစ်ရဲ့ဆောင်းရာသီမှာ .. တောင်အရပ်ဆီ ငှက်ဆောင်းမခိုတော့ဘူး။ သစ်ငုတ်တိုဘေးမှာပဲ သူရှိနေခဲ့တယ်။ သူ့ကို သစ်ပင်လိုအပ်တယ်ဆိုတာကို သူသိလို့ဖြစ်တယ်။
လူတချို့ကပြောတယ်...
"ဒီသစ်ပင်ကို ခုတ်တုန်းက ထူးခြားတဲ့အသံကို ကြားရသတဲ့။ ဒါဟာ သစ်ပင်ရဲ့ငိုသံလို့ ပြောတယ်"
ဒါဟာ အချစ်အတွက် သစ်ပင်ရဲ့ကြေကွဲသံ၊ သစ်ပင်ရဲ့ နောက်ဆုံး ငိုညည်းသံပါလို့.........

Saturday, June 9, 2012

ရင်ကွဲ နှလုံးသား

ချစ်သူရယ်...
မကြင် စိမ်းကား
အမုန်းများနဲ့
ငါ့ရင်ခွဲထွက်
ရှောင်ဖယ်ရက်လည်း
ပျက်ယွင်းမသွား
ချစ်ခြင်းများနဲ.
အမုန်းမရှိတဲ့
ငါ့ ရင်ခွင်
နင် ပြန်ခိုဝင်လှည်.ပါ.....
ချစ်သူရယ်....
ရင်ကွဲ...နှလုံးသား
ဒဏ်ရာများနဲ့
နွမ်းလျရိပ်ခို
လွမ်းစိတ်ပိုသည်
ဖယ်ခွာထွက်ပြေး
နေရာတွေဝေးလည်း
အချစ်စစ်တည်ရာ
ဒီကမ္ဘာမှာ... 
နင်သာ... အချစ်ဆုံးပါ....

Friday, June 8, 2012

ဘဝ

ဘ၀တစ်ခုကို ဖြတ်သန်းဖို့
မနက်ခင်းကို တွန်းဖွင့်လိုက်ရင်း
ငါ့ခရီးဆောင်အိတ်ထဲမှာ
နင့်အချစ်ရယ်
ကျမ်းစာအုပ်ရယ်...
ဝိုင်တစ်လုံးရယ်..
အသပြာတစ်ချို့ရယ်ကို
သေချာထည့်လိုက်တယ်...
လျောက်လှမ်းလာရင်း
အသပြာက ကုန်ခမ်းလာလို့
ကျမ်းစာအုပ်ကို ရောင်းလိုက်ရတယ်...
ဒီလိုနဲ့ဘဲ
လမ်းကွေ့တစ်ခုမှာ
အသပြာကနဲနေတော့
နင့်အချစ်ကို
ထိန်းမထားနိုင်ဘဲ
လှုပ်လီလှုပ်လဲ့ နဲ့ပြုတ်ကျခဲ့တယ်
ပြုတ်ကျသွားတဲ့ နင့်အချစ်ကိုလိုက်ရှာရင်း
အခုတော့ငါဟာ
ဘ၀ရဲ့ လမ်းပေါ်မှာ
ဝိုင်တစ်လုံးကိုဘဲ
အဖေါ်ပြုနေရတော့တာပေါ့……

အမြစ်မရှိသူ မ၀င်ရ

ဝေနေသော နှင်းတစ်ပွင့်
လွင့်မျောလာပြီး ရင်ကိုတိုက်ရိုက်ထိမှန်ခဲ့လို့
ပြန်ကြည့်လိုက်တာ
မျက်ရည်က တောက်ခနဲ ကျလာခဲ့တယ်….
အနားက ခဏပျောက်ဆုံးသွားလို့
နှလုံးသားကို ဖွင့်ကြည့်လိုက်တာ
ငါတို့အတူ ရေးထိုးခဲ့တဲ့
နာကျင်မှုတွေပြည့်ဝ ဆုတောင်းကျောက်စာ
တစ်ချပ်က လှောင်ရယ်သံကို
ကျေနပ်စွာ ခံယူလိုက်ရတယ်……
ဝေးသွားရမယ်ဆိုရင်တောင်
အသက်မဲ့တဲ့ ပုံရိပ်တွေအတွက်
ဟောင်းနေတဲ့ ငါ့ရင်ခွင်မှာ
ရေးဆွဲခွင့် ပေးခဲ့လှည့်ပါချစ်သူ
တကယ်တော့ ငါဟာ
မှော်ဆရာ လက်ထဲကငှက်ကိုမှ
လိုချင်ခဲ့တာကိုး
ပျံသန်းသွားမယ်မှန်း သိလျက်နဲ့
တရိုက်မက်မက် ရူးမိုက်ခဲ့လို့
နှလုံးသားက တပွက်ပွက်ကျခဲ့တဲ့
သွေးစက်တွေကို ဆေးကြောဖို့
နင်လည်းနဲနဲတော့ ပင်ပန်းမှာပေါ့ချစ်သူ
ပြန်သန်းသွားမယ်ဆိုရင်လည်း
ဒီရင်ကို စုံကန်လိုက်မှရမှာ
ဒါမှ……

ဘာ့ကြောင့်လဲဆိုတာ

အလွမ်းတွေပြိုးရင်း
မနက်ခင်းတစ်ခု
ရောက်ခဲ့ပြန်ပြီ
ချစ်သူ…
မင်းကတော့
ငါ့ကိုမေ့ပျောက်နေရောပေါ့
မင်းပေးခဲ့ဘူးတဲ့ အနမ်းတွေထဲမှာပျော်ဝင်ရင်းနဲ့
ငါ့မနက်ခင်းတွေပျောက်ဆုံးကုန်တာ
ကြာလှပေါ့...
ဒီလိုနဲ့ဘဲ
ငါ့အသက်တစ်နှစ်ကြီးသွားပြန်တယ်
နင့်ကိုလွမ်းရင်းပေါ့…

ချစ်သူသိစေဖို့

ရင်ခုန်ခြင်းဆိုတာ
အိမ်မက်တစ်ခုဆို
မင်းအတွက်နဲ့
ငါဖက်တွယ်မိမယ်
ချစ်သူ…
လွမ်းမောခြင်းဆိုတာ
ခါးသီးတဲ့အရာဖြစ်ပေမယ့်
မင်းအတွက်ကြောင့်
ငါပျော်ဝင်မိမယ်
ချစ်သူ…
ဘ၀မှာ
ဒဏ်ရာတွေဘဲရခဲ့ဘူးတဲ့
ဒီရင်ထဲက
ငါ့နှလုံးကို
မင်းအချစ်နဲ့
ရှင်သန်စေမှာလား
ကျရှုံးစေမှာလား
ချစ်သူ…
ထားခဲ့မယ်ဆိုရင်လည်း
အချက်လေးတော့ ပြခဲ့ပေါ့
ခံနိုင်ရည်ရှိအောင်
ကြိုးစားဖို့သက်သက်ပါဘဲ
ချစ်သူ…

လွမ်းနေသူ

နင့်အတွက်ဆိုပြီး ဖြစ်လာမယ့်
ငါမသိသေးသောနွံအိုင်ထဲက
ရှုံ့တွနေသော အတွေးတစ်ခု
တစ်ကယ်ဖြစ်နေတာပါဘဲ
အလွမ်းအတွက်ဆိုပြီး ကောင်းကင်ပြာတောင်
အနည်ထနေလိုက်တာ
မျက်နှာကြီးက အပုပ်ရောင်ဝင်းလက်နေတယ်
နင်ထွက်သွားတော့ နှလုံးသားပြတ်ရွေ့
တစ်ခုက ပြင်းထန်စွာလှုပ်ရှားလာတယ်
လူတွေခေါ်တာတော့ အသဲကွဲငလျင်တဲ့….
ရပ်တန့်မနေတဲ့ ငါ့ရင်ထဲကအက်ကြောင်းကို
ကုစားပေးပါလို့……
(အချစ်ရှိနေသောငါ့အတွက် နင့်ရင်ခွင်တစ်ခုတည်းလိုတာပါ)
ဝင်လာမယ်ဆိုရင် စိုပြေနေသောငါ့ရင်ခွင်က
နင့်အတွက်ကြိုဆိုမိမှာပါ…..
အလွမ်းမိုးတိမ်တွေလည်း
နေမင်းရဲ့ အချစ်တွေကြောင့်
ပျောက်ဆုံးနေပြီး လွမ်းနေသူ ဆိုတာကြီးလည်း
ပြန်လည်တောက်ပလာနေမှာပါ ချစ်သူ……
နင် အနားကို…….
 ပြန်..လာ..မယ့်…နေ့…မှာ..ပေါ့…….

မင်း ငါ့ကို....

မင်း ငါ့ကို...
ချစ်တတ်လာအောင်
သင်ပေးခဲ့တယ်....
မင်း ငါ့ကို...
လွမ်းတတ်လာအောင်လည်း
သင်ပေးခဲ့တယ်....
မင်း ငါ့ကို...
ငိုတတ်အောင်လည်း
သင်ပေးခဲ့တယ်....
ဒါပေမဲ့...
မင်းမရှိတော့တဲ့ ငါ့ဘ၀မှာ
မင်း ငါ့ကို...
တစ်ယောက်တည်း နေတတ်အောင်
သင်မပေးခဲ့ဘူးနော်....

Thursday, June 7, 2012

ကောင်းကင်နက်

မိုးမရွာဘဲ နှင်းတွေဆိုနေတဲ့
ငါ့ကိုယ်ပေါ်မှာ အလွမ်းမြူမှုန်တွေ
ကပ်နေလို့
အရမ်းအေးတဲ့ လောင်ကျွမ်းမှုကို
အရည်ပြားက အလူးအလဲ
ခံစားနေတာ……..
မိုးတွေကလည်း (ရင်ထဲမှာ)
သည်းနေလိုက်တာ
ငါ့ရဲ့ဘယ်ဘက် မျက်လုံးက
ညာဘက်မျက်လုံး ကိုတောင်မမြင်ရတော့ဘူး
တိတ်လိုက်ပါတော့
ရင်ထဲကမိုးတွေ…
ပြန်လည်မွေးဖွားလာမယ့်
စနေနေ့ရဲ့ ချိုးကူသံ
ကောင်းကင်နက်ရဲ့ သစ်ငုတ်တိုအောက်မှာ
မိုးစိုခဲ့တဲ့လူတစ်ယောက်
ဘ၀ရဲ့စက်ဆုတ်မှုတွေကို ချီးမွန်းနေချင်လို့လေ…
*စနေနေ့တစ်နေ့ရဲ့ ကောင်းကင်အောက်မှာရေးဖွဲ့၏*
*လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်*

ရယ်သံမဲ့ ည

လမ်းခွဲများနဲ့ လူ့ဘ၀ရဲ့ လမ်းမကြီးမှာ
ရွေးခဲ့မိတဲ့ အတိတ်လမ်းကိုလည်း
နှောင်မတွယ်ရစ်လိုဘူး…
အနာဂတ်အတွက်လည်း စိုးရိမ်စွာ
မမျှော်မှန်းလိုဘူး …
ဝေဒနာတွေလည်း မကြော်ငြာလိုပါဘူး
ရင်ထဲက အရှိတရားတွေ ပွင့်အန်လို့မရတော့ရင်
ရေငုံကာနှုတ်ပိတ်လို့ တိတ်ဆိတ်စွာနဲ့
ရိုးရှင်းစွာပဲ ဖြတ်သန်းမယ်။
နာကျဉ်စွာလဲကျလို့ ဆုံးရှုံးခြင်းတွေကြုံရတဲ့အခါ
ပျော်ရွှင်မှုဆိုတာလဲ အစရှာမရခဲ့ဘူး
ဝမ်းနည်းမှုတွေနဲ့ လဲပြိုချိန်မှာ
စာနာမှုတွေနဲ့အတူ ကြင်နာစွာ ဖေးမသူတွေတော့
ရှိနိုင်ပေမယ့် …
စိတ်ခွန်အားတွေတိုးဖို့ တည်ငြိမ်မှုဆိုတာလဲ လိုမယ်...
လမ်းလျှောက်သင်ရင်း ခြေတစ်ဖက်ချော်လဲကျတဲ့ခါ
ဘ၀ရဲ့ မတူညီမှုတွေကြားက လှောင်ရယ်သံတွေကြားတယ်
ဥပေက္ခာတရားတွေ ထမ်းပိုးရင်း …
လှောင်ရယ်သံတွေ ကျောခိုင်း တိတ်ဆိတ်တဲ့ညတွေပဲ
ဖြတ်သန်းတော့မယ် ...

Wednesday, June 6, 2012

ဘ၀ ဖတ်စာ

ရောက်လာတည်းက
ဘာမှန်းတောင် မသိသေးဘူး ...
လောက, ကြီးက မျက်စပစ်ပြနေပြှီ . . .
အသွေးအသားတွေမှာ လောက်တက်နေသလို
လောက်ကောင်ရဲ့ အသွေးအသားထဲမှာလည်း
နောက်ထပ် ...
လောက်တက်နေရင်တော့ ဒုက္ခ . . .
ကကြီး ... လို့
အော်ဖတ်ဖို့ ဟန်ပြင်ရုံရှိသေး
အဲ့ဒီ ကကြီး က
ပက်လက်လှန်ပြလို့
ဘယ်လိုဖတ်ရမှန်းတောင် မသိတော့ဘူး . . .
ဝ, လုံးကိုကြည့်ရင်း...
သုညက အယောင်ဆောင်ထားတာလား ... ?
သံသယ၀င်တတ်နေပြီးမှ
သုညက ၀,လုံးယောင်ဆောင်တာ
ဘာမှမဖြစ်ဘူး ...
လူတချို့က
ဝ,လုံးရဲ့ ၀ိုင်းဆက်ဆက် တန်ဖိုးကို
သုည, လို့ သတ်မှတ်လိုက်မှ ... ဒုက္ခ . . .
အပြင်သွားဖို့
လောက,ကို ပြတင်းပေါက်ဖွင့်လိုက်တာ
ဒုက္ခ ကို ...
ခလုတ်တိုက်မိပြီ . . .
သောက ထုတ်တန်းနဲ့ တိုက်မိတာလည်း
ခေါင်းမှာ ...
ဒဏ်ရာရနေပြီ . . .

Tuesday, June 5, 2012

လွမ်းပင်လယ်ဝေ

လွမ်းတတ်သမျှ
လွမ်းပါရစေ..
လွမ်းစရှည်မျော
လွမ်းနွေတောမှာ
လွမ်းမောလှိုက်ဖို
လွမ်းခိုက်ပိုကဲ
လွမ်းရင်ထဲ၌
လွမ်းသည်းလှိုက်ဆူ
လွမ်းမြိုက်ပူပြင်း
လွမ်းစိတ်တင်း၍
လွမ်းရင်းနေ့တွေလွန်မြောက်၏...
လွမ်းသင့်သမျှ
လွမ်းခွင့်ရစေ
လွမ်းညဥ့်လွန်နက်
လွမ်းထက်ဝက်နှင့်
လွမ်းသက်ရင့်ရော်
လွမ်းမပျော်စဉ်
လွမ်းစဆင်ကာ
လွမ်းပြေရာသို့
လွမ်းဘာသာနှင်း
လွမ်းစိတ်တင်းမှ
လွမ်းရင်းညတွေလွန်မြောက်၏...

မင်းရဲ့နံဘေး အတူရှိနေပါရစေ

နေ့တိုင်း၊ ညတိုင်း
မင်းရဲ့လက်လေးကိုဆွဲပြီး
ညအလင်းရောင်လေးမှာ
မင်းနဲ့တူတူရှိနေပါရစေ...
မနက်ခင်းနေထွက်တဲ့အချိန်လေးမှာလည်း
မင်းရဲ့မျက်နှာလေးကိုမြင်ပါရစေ...
လပြည့်ညလေးတွေမှာလည်း
မင်းရဲ့လက်မောင်းလေးကိုမှီပြီး
မင်းနဲ့တူတူရှိနေပါရစေ...
မင်းရဲ့အချစ်က ငါ့နှလုံးသားလေးကို
စိတ်လှုပ်ရှားစေတယ်
အဲဒါတွေကမင်းရဲ့အချစ်ကြောင့်ပါပဲ
နေ့တိုင်း၊ ညတိုင်း
မင်းရဲ့လက်လေးကိုဆွဲပြီး
ညအလင်းရောင်လေးမှာမင်းနဲ့တူတူရှိပြီး
မင်းရဲ့ဘ၀ကို ဝေမျှခံစားပြီး
နှလုံးသားအစစ်နဲ့ မင်းရဲ့နားမှာ
တူတူနေပါရစေ....
မင်းရဲ့အလင်းရောင်လေးက
ငါအနားမှာရှိနေသလို
မင်းရဲ့အချစ်ကငါ့အနားဝန်းရံနေတယ်
ယခုမှစပြီးမင်းရဲ့နားမှာရှိပါရစေ....
ငါရဲ့အချစ်ကမင်းတစ်ယောက်တည်းအတွက်ပါပဲ
ငါအခွင့်ရှိမယ်ဆိုမင်းရဲ့နံဘေးနေပါရစေ....
ငါရဲ့အချစ်က အချိန်တိုင်း
နေမထွက်သည့်တိုင်
နေ့တိုင်း ညတိုင်း
မင်းရဲ့နံဘေးနားတူတူရှိနေပါရစေ....

မေ့ခဲ့ပါတယ်... ဒါပေမဲ့လည်း....

အလွမ်းတွေဖြန့်ကျက်ထားတဲ့
ကောင်းကင်မှာ တိတ်တဆိတ်
ဖောက်ထွက်လာတဲ့ရှိုက်သံတစ်ချို့နဲ့အတူ
အထီးကျန်လတစ်ဆင်းရဲ့ အဖော်ပြုမှုတွေ
တမ်းတခြင်းနေ့စွဲတွေကို ဖောက်ထုတ်တဲ့
နာရီလက်တံလေးတွေ....
အကြင်နာခင်းတဲ့လမ်းထင်
နာကျင်ခြင်းတွေပွေ့ပိုက်ထားတဲ့
ရင်ခွင်က မမှတ်မိချင်ယောင်ဆောင်ထားတဲ့
မင်းပုံရိပ်တွေ....
ဆုံဆည်းခြင်းရဲ့ သက်သေတွေထဲက
ဟိုအရင်အတူထိုင်ခဲ့တဲ့ ခုံတန်းလျားလေးရယ်...
မာနတွေဖုံးကွယ်ထားတဲ့အလွမ်းသက်သေ
ငါ့မျက်ရည်တွေ...သတိရခြင်းတွေကို
နာကြည်းခြင်းတစ်ချို့တစ်ဝတ်နဲ့
အစားထိုးချင်မိတဲ့ငါက လည်း
ဝေးသွားတဲ့အနမ်းတွေတွေကိုတော့
လွမ်းနေမိသေးတယ်...ချစ်သူရယ်...
လမင်းရဲ့ အဖော်ပြုမှုတွေကို
ဥပက္ခာပြုခဲ့ပါတယ် ကုန်သွားတဲ့အချိန်တွေလည်း
မေ့လျော့နေမိပါတယ် မင်းရဲ့မျက်ဝန်းတွေလည်း
မေ့တက်ဖို့ကြိုးစားခဲ့ပါတယ်...
အလွမ်းတွေ အဆွေးတွေ
သတိရခြင်းတွေ တမ်းတခြင်းတွေ ကိုလည်း
ငါ့နှလုံးသားမှာ Delete လုပ်ထားခဲ့ပါတယ်..
ဒါပင်မဲ့လည်း ချစ်သူရယ်.....
ငါမမြင်နိုင်တဲ့ ငါနှလုံးသား မြင်နှာပြင်က
Recycle Bin လေးထဲမှာတော့
နင်ရှိနေခဲ့သေးတယ်နော်....

စိတ်ချချစ်သူ ဘ၀ဆုံးတိုင် စောင့်နေဦးမယ်

ချစ်ခဲ့တာလား နှစ်ခဲ့တာလား
မသေချာပေမဲ့…..
မပစ်ရက်နိုင်ခဲ့တာတော့
အမှန်ပဲ ချစ်သူ…..
အမြင့်ဆုံးမှာ ထားချင်ပေမဲ့
ငါကိုယ်တိုင် ဆွဲချခဲ့တာလား
မသိဝိုးတ၀ါးနဲ့ အချစ်နွံထဲမှာ
ပျော်ပျော်ကြီး နစ်မြုပ်နေခဲ့တာ
ဒီနေ့ထိတိုင်ပဲ ချစ်သူ…..
နင် ငါ့ကို လွမ်းနေမလား
မရေရာပေမယ့် ကျိန်းသေတာကတော့
စိတ်ကူးယဉ် အတွေးတွေနဲ့
နင့်ကိုငါ ရူးမတက်လွမ်းတယ်…..
ပြန်လာဦးမလား မမှန်းဆတက်ပေမဲ့
မျှော်လင့်မှု နည်းပါး (၁%ပဲရှိရင်)တောင်
စိတ်ချ ချစ်သူ ဘ၀ဆုံးတိုင်
စောင့်နေဦးမယ်…..

အလွမ်းတချို့..... ပန်းတို့ဖြစ်စေ

ပန်းတစ်ပွင့်ကို ..... နွမ်းလို့
ပစ်ဖူးချင် ............ ပစ်ဖူးခဲ့မယ်
လူတစ်ယောက်ကို... လွမ်းဖို့
ဘယ်သူက ........... ချစ်ဖူးမှာလဲ...
ပစ်ခဲ့တဲ့ ................ ပန်းကို
သတိတ၇ .............. မ၇ှိပေမဲ့
ချစ်ခဲ့တဲ့ ................. အလွမ်းကြောင့်
၇င်မှာမထိ၇ှသူ ......... ဘယ်သူ၇ှိမှာတဲ့လဲ...
ပန်းတိုင်း ................ ၀တ်၇ည်မချိုပေမဲ့
လွမ်းတိုင်း ............... ငိုလို့ကျတဲ့မျက်၇ည်ကတော့
သူများထက်ပိုပါတယ် ... ချစ်သူ၇ယ်...
ဤမှန်သောစကား၊တိုင်တည်ထားလို့
အလွမ်းတွေငြီးငွေ့၊ဆုတောင်းတိုင်းသာပြည့်၇င်
ဘ၀အဆက်ဆက်၊အချစ်ကံတက်၍
၇င်မှာခံစား၊အလွမ်းများသည်
အေးမြလန်းဆန်း၊အကြင်နာပန်းတို့ဖြစ်ခါ
ချစ်သူ၇ဲ့၇င်ခွင်နန်း၊ထာ၀၇မနွမ်းဘဲ
ပွင့်လန်းခွင့်၇စေ၊တောင်းဆုခြွေမယ်
ချစ်သူ၇ယ်..........

စိတ်ကူးထဲမှာ

ရင်ခုန်သံချင်းထပ်တူညီနိုင်မယ် ယုံကြည်လို့
သီချင်းတစ်ခုမှာ ငါတို့ အတူတူစီးမျောကြည့်ရအောင်...
အဲဒီသီချင်းထဲမှာတောင်တန်းကြီးတွေအကြောင်းပါမယ်...
ပင်လယ်ပြင်ကြီးအကြောင်းပါမယ်..
တောအုပ်လေးနဲ့ ငှက်ကလေးတွေအကြောင်းပါမယ်
လေပြေလေညှင်းနဲ့ပန်းလေးတွေအကြောင်းပါမယ်....
မိုးကောင်းကင်ကြီးနဲ့ တိမ်ဖြူတွေအကြောင်းပါမယ်.....
ပြီးတော့ မင်းကို အရမ်းချစ်မိပြီဆိုတဲ့စကားကို
ပျား၊ ပိတုန်းတွေမနာလိုတဲ့အထိ ပန်းဘာသာနဲ့ရေးထိုးထားတဲ့
ကျောက်စာတစ်ချပ်အကြောင်းပါမယ်..
အရိုးရှင်းဆုံးရှေးသုံးဘာသာစကားတစ်ခုကို
နင့်အတွက် ကြယ်စာလုံးနဲ့ ငါသီကုံးမယ်.....
နင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ငါ့ကိုယ်ငါ စာကြောင်းတစ်ကြောင်းအဖြစ်
မှတ်တမ်းတင်ခွင့်ပြုခဲ့ပါ...
ကျေးဇူးပြုပြီးတော့ နိဂုံးနေရာမှာတော့
အမုန်းနဲ့အရှုံးကို ထာဝရပယ်သတ်ခဲ့ပေးပါ...
(စိတ်ကူးထဲမှာပေါ့) လက်တွေ့ကျတော့
ရိုးရိုးရှင်းရှင်းလေးပါပဲ.. ကျွန်တော် ချစ်မိနေပြီ...

နှစ်သိမ့်တဲ့တေး

"ချစ်တယ် "ဆိုတဲ့စကားတစ်ခွန်းနဲ့
ငါ့ဆီကအရာအားလုံးကို
ညှို့ယူနိုင်စွမ်းရှိတဲ့နင်
"ယုံကြည်ပါ"ဆိုပြီးတော့လည်း
နင်င့ါကိုချော့သိပ် 
မျက်လုံးအစုံကိုမှိတ်စေခဲ့တယ်
" သစ္စာ"ဆိုတဲ့ကြိုးနဲ့
တစ်ခါပြန် နင်ငါ့ကိုချည်နှောင်ထားခဲ့ပြီး
"ပြန်လာမယ် "ဆိုတဲ့တေးသွားလေးနဲ့
နင်ငါ့အနားကထွက်သွားခဲ့တာ
နှစ်တွေကြာညောင်း
သက္ကရာဇ်တွေလည်းပြောင်းခဲ့ပေါ့
ကိုယ့်အချစ်ကို ယုံကြည်ပါဆိုပြီး
ပြန်လာမယ်လို့သစ္စာဆိုခဲ့တဲ့နင်
ခုတော့ဘယ်စီမှာမှန်းမသိနိုင်ပေမဲ့
နင်ဆိုခဲ့တဲ့တေးသွားလေးကို
ခုထိနားဆင်နေတာလဲ ငါဘဲပေါ့.....

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ...

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် 

အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်...

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်....


                                                                       တာရာမင်းဝေ (-မိုးခေါင်လို့တီးတဲ့
ဗုံသံမှ..)

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်...

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့...

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်...

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်...

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်...

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့...

                                                                  တာရာမင်းဝေ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ...)

တေလေ မှတ်တိုင်

ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည...

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်...

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား...

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်...

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ...

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ...


                                                                တာရာမင်းဝေ (-မိုးခေါင်လို့ တီးတဲ့ဗုံသံမှ....)

Monday, June 4, 2012

အချစ်

အချစ်က.......... ခါးသီးမှုတွေကို ချိုမြစေတယ်                                                                            ကြေးနီးကို ရွှေဖြစ်စေတယ်...
အချစ်ကြောင့်.... အနည် အနှစ်တွေကို  ကြည်လင်စေတယ်...
အချစ်ကြောင့်....  နာကျင်မှုတွေကို   ပျောက်ကင်းစေတယ်...
အချစ်ကြောင့်.... သေသူကို ပြန်ရှင်စေပါတယ်...
အချစ်ကြောင့်.... ဘုရင်တစ်ပါးကို   ကျေးကျွန်ဖြစ်သွားစေပါတယ်....



                             

နှောင်.... ဖွဲ့

မေရယ်.... ကြည်နူးမျက်ဝန်း
လက်ရွှန်းပြုံးချို ကိုယ်ဟန်နွဲ့နွဲ့
ခေါင်းတစ်လှည့်မှာ စောင်းငဲ့အကြည့်
သည်းထိငြိစွဲ နှောင်သစ်ဆဲမို့
မောင်ချစ်မြဲပါ ချစ်သူမေ.....


စွဲမိရွှေဘ၀င် သူ့ရုပ်သွင်

ရွှေကျေးတမျှ အလှကုံလုံ
ဖူးတငုံတည့် ကြာမှုံနှုတ်ခမ်း
ပွင့်လန်းကျက်သရေ ရွန်းရွန်းဝေကာ
ကုဋေတစ်သန်း သူ့ခြေလှမ်းတို့
ရွှေလမ်းပေါ်မှာ လျောက်လှမ်းလာသည်
ဒီလူရင်မှာ မြင်ရုံမျှနှင့်
ယနေ့ချိန်ထိ ရင်မှာစွဲလန်း
မေ့မရသူက ကိုယ်ပါကွာ....

ချစ်သူ

မျက်စိမှိတ်ထားပါချက် ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်...
အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ 
လှိုင်းပုတ်သံကို ကြားယောက်နေတတ်ပါသည်....
အခန်းကျဉ်းထဲမှာ အိပ်ဆက်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့် အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေပြန်သည်.....
သေဆုံးသည်အထိ မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ 
ချစ်သူ သာဖြစ်ပါ၏...
ချစ်သူ ကိုယ့်ကို သံသယအကြည့်တွေနဲ့ မကြည့်ပါနဲ့...
မင်းကလွဲပြီး ဘယ်သူ့ကိုမှ အချစ်ဘူးဆိုတာ မင်းအသိဆုံးပါ...
ချစ်သူ ကိုယ့်ကို မယုံကြည့်တဲ့ စကားတွေနဲ့ မစွပ်စွဲပါနဲ့...
မင်းကလွဲပြီး ငါ့ရဲ့နှလုံးသားမှာ ဘယ်သူမှ မရှိခဲ့ဘူးဆိုတာ
ချစ်သူ အသိဆုံးပါ...


ဝမ်းနည်းတစ်နေ့

ဝေးသွားခဲ့တဲ့ နေ့လေးတစ်နေ့မှာ
ချစ်သူနှစ်ယောက် တွေ့ဆုံကာ
စကားလေးတွေ သီရီလာ
ပြောကြတဲ့အခိုင် အခြေအနေမှာ
ဝေးသွားမျာကို ကြောက်လို့လာ
စကားလေးတွေ မဆုံးခင်မှာာ
နှလုံးသားက ၀မ်းနည်းလာ
မခွဲချင်ပဲ ခွဲလို့သာ
ကြေကွဲရင်းနဲ့ ထွက်လို့သာ
အဝေးတစ်နေရာကို ရောက်ခဲ့တာ....

ယုံပါ

အစွယ်ကို လိုချင်တော့
အကောင်ကို ဖြိုခွင်းနိုင်သလို
အချစ်ကို လိုချင်တော့
အရာအားလုံကို ကျော်လွားနိုင်ပါတယ် အချစ်ရယ်...
ကမ္ဘာအနှံ့ အချစ်တွေ ကျယ်ပြန့်ဆိုပေမဲ့
ကိုယ်ချစ်တာက မင်းမှာရှိတဲ့
အချစ်မျက်နှာလေး တစ်ခုတည်းပဲ
ရှိတယ်ဆိုတာ ယုံစေချင်တယ် အချစ်ရယ်....

အချစ်ကမ္ဘာ

နေသာလို့ ရွှင်မြတဲ့အချိန်မှာ 
ကညာပျို ....... ကို ချစ်တယ်ဆိုပြီး
 အေးမြတဲ့ အရောင်အောက်မှာ 
အချစ်ကမ္ဘာလေး တည်ဆောက်ပြီး
 နှစ်ကိုယ်တူ အပျော်ခရီး လျောက်လိုက်ချင်ပါတယ်....
ချစ်တယ်လို့ ဆိုနေချိန်မှာ 
အမုန်းမာန်ကလေး ပျောက်ပြီး
ပြုံးပျော်တဲ့ အချစ်မျက်နှာလေးကို 
အမြဲမြင်ချင်တယ် အချစ်ကလေး ရယ်....


Saturday, June 2, 2012

ကောင်းခြင်း ဆိုးခြင်း


အချစ်ရေ
ကောင်းသော စစ်ပွဲမရှိသလို
ဆိုးသော ငြိမ်းချမ်းရေးဆိုတာ မရှိပါဘူး
ကောင်းသော အသည်းကွဲခြင်း မရှိသလို
ဆိုးသော မင်္ဂလာပွဲဆို မရှိပါဘူး
ကိုယ်နဲ့ မင်းဟာ
ကောင်းသော ငြိမ်းချမ်းမှုတွေနဲ့
ကောင်းသော ဆုံစည်းခြင်းတွေကြားမှာ
ကောင်းသော မင်္ဂလာပွဲလေး
ကျင်းပကြမယ်
တစ်နေ့နေ့မှာပေါ့ကွယ်....

ပေးဆပ်မဲ့သူ


လက်ထပ်ခြင်းဟာ
ယောက်ျားလေးအတွက်
လွတ်လပ်ခြင်းတွေ စတေးရပြီး
မိန်းကလေးအတွက်
ပျော်ရွှင်ခြင်းတွေ စတေးရတယ်တဲ့.....
ကိုယ်သာ မင်းကလေးကို
ပိုင်ပိုင်နိုင်နိုင် ချစ်ခွင့်ရပြီဆိုရင်
မင်းရဲ့ လွတ်လပ်ခြင်းတွေကို
မသိမ်းပိုက်ရုံမက
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေကိုပါ
မင်းကို ပေးဆပ်ပါရစေ 
တစ်ဘ၀လုံးအတွက်ပါ ချစ်သူရေ....