Blogger Widgets နံရိုးလေး: 06/07/12

Thursday, June 7, 2012

ကောင်းကင်နက်

မိုးမရွာဘဲ နှင်းတွေဆိုနေတဲ့
ငါ့ကိုယ်ပေါ်မှာ အလွမ်းမြူမှုန်တွေ
ကပ်နေလို့
အရမ်းအေးတဲ့ လောင်ကျွမ်းမှုကို
အရည်ပြားက အလူးအလဲ
ခံစားနေတာ……..
မိုးတွေကလည်း (ရင်ထဲမှာ)
သည်းနေလိုက်တာ
ငါ့ရဲ့ဘယ်ဘက် မျက်လုံးက
ညာဘက်မျက်လုံး ကိုတောင်မမြင်ရတော့ဘူး
တိတ်လိုက်ပါတော့
ရင်ထဲကမိုးတွေ…
ပြန်လည်မွေးဖွားလာမယ့်
စနေနေ့ရဲ့ ချိုးကူသံ
ကောင်းကင်နက်ရဲ့ သစ်ငုတ်တိုအောက်မှာ
မိုးစိုခဲ့တဲ့လူတစ်ယောက်
ဘ၀ရဲ့စက်ဆုတ်မှုတွေကို ချီးမွန်းနေချင်လို့လေ…
*စနေနေ့တစ်နေ့ရဲ့ ကောင်းကင်အောက်မှာရေးဖွဲ့၏*
*လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်*

ရယ်သံမဲ့ ည

လမ်းခွဲများနဲ့ လူ့ဘ၀ရဲ့ လမ်းမကြီးမှာ
ရွေးခဲ့မိတဲ့ အတိတ်လမ်းကိုလည်း
နှောင်မတွယ်ရစ်လိုဘူး…
အနာဂတ်အတွက်လည်း စိုးရိမ်စွာ
မမျှော်မှန်းလိုဘူး …
ဝေဒနာတွေလည်း မကြော်ငြာလိုပါဘူး
ရင်ထဲက အရှိတရားတွေ ပွင့်အန်လို့မရတော့ရင်
ရေငုံကာနှုတ်ပိတ်လို့ တိတ်ဆိတ်စွာနဲ့
ရိုးရှင်းစွာပဲ ဖြတ်သန်းမယ်။
နာကျဉ်စွာလဲကျလို့ ဆုံးရှုံးခြင်းတွေကြုံရတဲ့အခါ
ပျော်ရွှင်မှုဆိုတာလဲ အစရှာမရခဲ့ဘူး
ဝမ်းနည်းမှုတွေနဲ့ လဲပြိုချိန်မှာ
စာနာမှုတွေနဲ့အတူ ကြင်နာစွာ ဖေးမသူတွေတော့
ရှိနိုင်ပေမယ့် …
စိတ်ခွန်အားတွေတိုးဖို့ တည်ငြိမ်မှုဆိုတာလဲ လိုမယ်...
လမ်းလျှောက်သင်ရင်း ခြေတစ်ဖက်ချော်လဲကျတဲ့ခါ
ဘ၀ရဲ့ မတူညီမှုတွေကြားက လှောင်ရယ်သံတွေကြားတယ်
ဥပေက္ခာတရားတွေ ထမ်းပိုးရင်း …
လှောင်ရယ်သံတွေ ကျောခိုင်း တိတ်ဆိတ်တဲ့ညတွေပဲ
ဖြတ်သန်းတော့မယ် ...