တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို
နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့....
ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့
တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး
မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။
ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...
တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့
တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက
အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း
ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ
မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ
မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ?
အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊
ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ
ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ်
ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ
အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား
လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။
ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။
တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...
No comments:
Post a Comment