Blogger Widgets နံရိုးလေး: August 2012

Tuesday, August 21, 2012

ဘ၀ အခွင့်အရေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။
နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊
သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊
လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း
ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ
သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ
ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း
တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။
နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့
ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို
အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊
ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့်
ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က
"အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။


နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။
"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား?
ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး
အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့
သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က
အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်....
အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက
အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။
လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့်
အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊
လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို
အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။
"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ
ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့
မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို
အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့
ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို
သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး
အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။
အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲမဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။
သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို
ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့်
အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။
အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ
ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့
ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို
လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

နင်ပျော်မယ်ဆို - ဆိုတေး

Download

မြတ်နိုးခွင့်ပေးပါ - ဆိုတေး

Download

ကဗျာလေး - ဆိုတေး

Download

တကယ်လို့ တစ်နေ့နေ့မှာ

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို
နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့....
ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့
တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး
မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။
ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့
တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက
အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း
ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ
မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ
မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ?
အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊
ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ
ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ်
ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ
အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား
လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။
ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။
တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...

ရင့်ကျက်တယ်ဆိုတာ....

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။
အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊
ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။
ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။
လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့
လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ
တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊
မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့
အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

အချစ်ကို အချစ်နဲ့တူအောင် ချစ်တတ်ဖို့အတွက်

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာသူ့ ကိုပထမဆုံးသတိရမိနေလား?
'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?
'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?
'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?
'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?
'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?
'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?
'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?
'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?
'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား? 

အဖြေတွေကမင်းရင်ထဲမှာပဲရှိနေတယ်........
အဖြေတွေက''ဟုတ်တယ်'' ''မှန်တယ်'' ဆိုရင်.......
မင်းရင်ထဲမှာသူရှိနေပြီ...................
ဒါဆိုရင်တော့သူနဲ့ ပတ်သက်လာရင်အရာရာကိုအရှံးပေးထားပါ.....
သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ................
သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........
သူဘာဖြစ်ဖြစ်နားလည်ပေးပါ..........
သူကကိုယ့်ကိုမချစ်ရင်တောင်သူ့အတွက် အမြဲပေးဆပ်ပေးပါ.........
အခက်အခဲတွေရှိလာရင်သူ့ ဘက်ကရပ်တည်ပေးပါ..........
သူမင်းကိုမချစ်ရင်တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ.............
မင်းကတစ်ဖက်သတ်ချစ်သူဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........
သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....
စစ်မှန်တဲ့ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှမမျှော်လင့်ဘူး.......

အနိုင်ရတယ်ဆိုပေမယ့်..... ရှုံးနေပါပြီ

နုပျိုတဲ့ဇနီးမောင်နှံနှစ်ဦး အသစ်ပြောင်းလာတဲ့ အိမ်ခန်းထဲမှာ ပရိဘောဂတွေ နေရာချရင်း ငြင်းခုန်နေကြတယ်။
ကောင်မလေး စွာသမျှ ကောင်လေးက တင်းခံတယ်။ တအောင့်နေတော့ နှစ်ယောက်စလုံး ဘာမှမလုပ်နိုင်၊
မပြောနိုင်ဘဲ ငြင်းခုန်တာနဲ့တင် လက်ပန်းကျကုန်ကြတယ်။ မိနစ်အနည်းငယ်ကြာတော့ အနှိမ်ခံရတဲ့ ကောင်လေးက စကားစတယ်။

"မိန်းမရယ်.... နင်ပြောသမျှ မှန်တယ်ထားဦး ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?"
"ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?" ကောင်လေးပြောတဲ့စကားက တိုတိုလေးပါ။
ဒါပေမယ့် "အနိုင်"လိုချင်သူကို တွေးစရာတွေ အများကြီးပေးလိုက်တယ်။
"တချို့အချိန်မှာ မင်းအနိုင်ရတယ်ဆိုပေမယ့် မင်းရှုံးနေပါပြီ" ဒီစကားကို ကျွန်တော်အရမ်းနှစ်သက်မိတယ်။

တကယ်လည်း တချို့အချိန်မှာ ကျွန်တော်တို့ အနိုင်ရလိုက်တယ်ဆိုပေမယ့် ခံစားမှုအပိုင်းမှာ ကျွန်တော်တို့ ရှုံးသွားတယ်။
ငြင်းခုန်တဲ့နေရာမှာ ကျွန်တော်တို့နိုင်လိုက်တယ်ဆိုပေမယ့် ဟန်ပန်အမှုအရာမှာ ကျွန်တော်တို့ရှုံးသွားတယ်။ တစ်ဘက်လူကို
အနိုင်နဲ့ပိုင်းလိုက်နိုင်တယ် ဆိုပေမယ့် ခင်မင်မှုမှာ ကျွန်တော်တို့ရှုံးသွားတယ်။

တစ်ခါတလေ နိုင်တယ်လို့ ကျွန်တော်တို့ထင်ထားတာတွေက တကယ်တမ်းတော့ ရှုံးနေတာတွေဖြစ်တယ်။
လူတစ်ယောက် သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းချိန်မှာ "အကျိုးအကြောင်း" ရှိရမယ်။
မျက်ထောင့်နီကြီးနဲ့ လည်ပင်းရိုးတွေထောင်တဲ့အထိ ကျွန်တော်တို့ "အားပြိုင်" နေဖို့မလိုဘူး။
"ညှာတာ၊ သင့်မြတ်"တဲ့အပြုအမှုက "ကြမ်းတမ်း၊ သန်မာ"တဲ့ အပြုအမှုထက် လူတွေလက်ခံကြတယ်။

လောကကြီးမှာ လူ(၄)မျိုးရှိတယ်။
ပထမလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား မပြည့်ဝသူဖြစ်တယ်။
ဒုတိယလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား ပြည့်ဝသူဖြစ်တယ်။
တတိယလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားလည်းရှိတယ်၊ ဒါပေမယ့် "တဇွတ်ထိုး"လုပ်တတ်သူဖြစ်တယ်။
စတုတ္ထလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားရှိတယ်၊ ညင်ညင်သာသာ ပြုမှုပြောဆိုတတ်တယ်။

ပထမလူမျိုးက ဘာမှမပိုင်ဆိုင်တဲ့ "သနားစရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
ဒုတိယလူမျိုးက ကိုယ်ပိုင်ဟန်မရှိတဲ့ "မဆင်မခြင်" ပုဂ္ဂိုလ်ဖြစ်တယ်။
တတိယလူမျိုးက လူလူချင်းပေါင်းသင်းဆက်ဆံတဲ့ အနုပညာကိုမသိတဲ့ "စက်ရုပ်"ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးက အိန်လ်ဂျယ်နဲ့တူတဲ့ "ချစ်စရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးကသာ လောကကြီးကို တကယ့်အောင်နိုင်သူဖြစ်တယ်။

တကယ့်ပျော်ရွှင်ခြင်းဆိုတာ...

လူတစ်ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ လှပတဲ့ပုလဲလုံးတစ်လုံးကို ရခဲ့တယ်။
ဒါပေမဲ့ ပုလဲလုံးပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က သူ့ကို မကျေမနပ်ဖြစ်စေခဲ့တယ်။
အမည်းစက်ကို သူဖယ်ရှားပစ်နိုင်ခဲ့ရင် ဒီပုလဲလုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံး၊
အဖိုးအတန်ဆုံးပုလဲဖြစ်မယ်လို့ သူထင်ခဲ့တယ်။ အဲဒီလိုနဲ့ ပုလဲရဲ့အပေါ်ဆုံးအလွှာကို သူဖယ်လိုက်တယ်။
ဒါပေမဲ့ အမည်းစက်က ရှိနေတုန်းပဲ။ တစ်ထပ်ပြီးတစ်ထပ် သူဖယ်တယ်။
နောက်ဆုံးမှာ အမည်းစက်မရှိတော့ပေမယ့် ပုလဲလုံးလည်း သေးသထက်သေးသွားပြီး အမှုန်အဖြစ်ပျောက်သွားတော့တယ်။
အဲဒီလူဟာ ပုလဲကို ဆုံးရှုံးသွားရတဲ့စိတ်နဲ့ပဲ အိပ်ရာထက်မှာ ဘုံးဘုံးလဲတော့တယ်။
သူလုံးပါးပါးမသွားခင်မှာ “တကယ်လို့ အစကတည်းက အဲဒီအမည်းစက်ကို ကျွန်တော်
အရေးမလုပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ ကျွန်တော့်လက်ထဲ ဆုပ်ကိုင်ထားမှာက လှပတဲ့ ပုလဲလုံးတစ်လုံးဖြစ်တယ်”
လို့ နောင်တရစွာပြောသွားခဲ့တယ်။

ဒီပုံပြင်ကို သတိရမိတိုင်း အဖြစ်တစ်ခုကို ကျွန်တော်သွားသတိရမိတတ်တယ်။
တလောက နေ့တိုင်းနီးပါး ပင်လယ်ဘေးသွားပြီး ကျွန်တော်လမ်းလျှောက်ဖြစ်တယ်။
အဲဒီမှာ ဆံဖြူဖြူလူအိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီပြီး ပင်လယ်ဘေးတစ်နေရာက
ခုံတန်းပေါ်မှာထိုင်ပြီး ပင်လယ်ဖက် ငေးမောနေတတ်တာကို အမြဲလိုလိုတွေ့ခဲ့ရတယ်။
သူတို့နှစ်ယောက်ဟာ ခုံပေါ်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်လို့ မျက်နှာပေါ်မှာလည်း အပြုံးတွေ
ကြည်နူးရိပ်တွေသန်းလို့ ပင်လယ်ဘေးမှာ တကယ့်လက်ရာဝင်တဲ့ ရုပ်တုနှစ်ခုလို အမြဲရှိနေခဲ့တယ်။
တစ်နေ့မှာ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ သူတို့ရှေ့သွားပြီး
“အဘိုးနဲ့အဘွားက ပင်လယ်ပြင်ကို နှစ်သက်ကြတာလား!” လို့ မေးလိုက်တယ်။

အဘိုးအိုက ကျွန်တော်ကိုပြုံးပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘေးကအဘွားအိုကို လက်ညှိုးထိုးပြတယ်။
အဲဒီအချိန်ကျမှ အဘိုးအိုဟာ ဆွံအနားမကြားသူဆိုတာကို ကျွန်တော်သိလိုက်တယ်။
အဘွားအိုဟာလည်း မျက်စိနှစ်လုံး အလင်းကွယ်နေသူဖြစ်တယ်။ ကျွန်တော်မေးလိုက်တဲ့စကားအတွက်
ကျွန်တော်အားနာမိပေမယ့် သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာတော့ မရွှင်ပျတဲ့ပုံ မပေါ်ခဲ့တဲ့အပြင်
အဘွားအိုက နွေးထွေးကြင်နာတဲ့အသံနဲ့ “ဟုတ်တယ်… အဘွားတို့နှစ်ယောက် အမြဲတမ်း ပင်လယ်ပြင်ကို လာ“ကြည့်”ခဲ့ကြတယ်။
ဒီအတွက် ဒီကသူငယ် အံ့သြနေမှာပဲနော်။ တကယ်တော့ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်ရဲ့ချွတ်ယွင်းချက်ကို
ထည့်မထားရင် နှစ်ယောက်စလုံးက သာမန်လူတွေနဲ့ အတူတူပဲ မဟုတ်လား!”

သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အားငယ်တဲ့၊ ဝမ်းနည်းတဲ့အရိပ်အယောင်တွေအစား
ပျော်ရွှင်တဲ့၊ ပြည့်စုံတဲ့ အပြုံးတွေနဲ့ပြည့်နှက် ကူးလူးနေခဲ့တယ်။ တစ်ဦးအပေါ်တစ်ဦး
ချစ်ခင်ကြင်နာတဲ့ အဘိုးအိုနဲ့အဘွားအိုကို ကြည့်ပြီး ကျွန်တော့်မျက်လုံးတွေ စွတ်စိုနေခဲ့တယ်။

အဲဒီအချိန်ကစပြီး မသန်စွမ်းတဲ့လူအိုနှစ်ယောက်စီကနေ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို
ကျွန်တော်ရှာတွေ့ခဲ့တာဖြစ်လိမ့်မယ်။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ တစ်ဘက်သားရဲ့ မပြောပလောက်တဲ့
ချွတ်ယွင်းချက်၊ အနာအဆာတွေကို ဖယ်ရှားနိုင်တာမဟုတ်ဘူး။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ
ကျွန်တော်တို့လက်ထဲ တကယ်ဆုပ်ကိုင်ထားမိတဲ့ ပုလဲလုံးကို တန်ဖိုးထားမြတ်နိုးပြီး ခွင့်လွှတ်နားလည်မှု ပေးနိုင်တာပဲဖြစ်တယ်။
ဒါမှ တစ်ဦးစိတ်ကိုတစ်ဦးနားလည်ပြီး တကယ့်ပျော်ရွှင်ခြင်းကို ခံစားရမှာဖြစ်တယ်။

အရည်အချင်း နှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
“ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
“ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
“သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်”
လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ”
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ……..” စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်

ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်.... ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

သူငယ်ချင်းတို့ေ၇...

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။